ခန္ဓာကိုယ်ရဲ့ ခုခံအားနဲ့ပတ်သက်ပြီး သင်ဘယ်လောက် သိထားလဲ။ ခုခံအား တက်အောင် ဘာလုပ်ကြမလဲ။

ခုလို ရောဂါပိုး အသစ်တွေ ပေါ်လာတဲ့အချိန်မှာ “ခုခံအား ကောင်းအောင်နေ” ဆိုတဲ့ စကားလေး မကြာမကြာ ကြားလာရပါတယ်။ ဘာလို့ပြောတာလဲဆိုတော့ ရောဂါပိုးတစ်ခုဝင်လာရင် ခုခံအားကပဲ တိုက်ထုတ်ပေးတာပါ။ ရောဂါပိုးတွေ ဝင်မလာအောင်လည်း ခုခံအားကပဲ ကာကွယ်ပေးတာပါ။ ဒါကြောင့် ခုခံအား ကောင်းအောင်နေလို့ ပြောကြတာပေါ့။ ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်က ဘယ်လို အလုပ်လုပ်တာလဲ။ ခုခံအား တက်အောင် ဘာတွေ လုပ်ရမလဲဆိုတာ ဒီဆောင်းပါးမှာ ပြောပြပေးပါ့မယ်။

ခုခံအား စနစ် ဘယ်လို အလုပ်လုပ်လဲ။

ခန္ဓာကိုယ်မှာ ရောဂါပိုး တစ်ခုခု ဝင်လာတဲ့အခါ တိုက်ထုတ်ဖို့ ခုခံအား ၂ခု ရှိပါတယ်။ Innate immune response လို့ ခေါ်တဲ့ အလိုအလျောက် တုံ့ပြန်တဲ့ ခုခံအားစနစ်နဲ့ Adaptive immune response လို့ ခေါ်တဲ့ မှတ်ဉာဏ်နဲ့ တုံ့ပြန်တဲ့ ခုခံအားစနစ်ဆိုပြီး ၂ခု ရှိပါတယ်။ သူတို့ ဘယ်လို အလုပ်လုပ်လဲဆိုတာ ဆက်ကြည့်ရအောင်။

Innate immune response

ကိုယ်ထဲကို အပြင်က ရောဂါပိုး တစ်ခုခု ဝင်လာပြီဆိုပါစို့။ ပထမဆုံးတွေ့မှာ ဒီခုခံအား စနစ်နဲ့ပါ။ ဒီစနစ်ရဲ့ ကောင်းတဲ့အချက်က မြန်မြန်တုံ့ပြန်နိုင်တာပါ။ ဥပမာ ပြောရရင် အရေပြားမှာ ဒဏ်ရာရလို့ ပိုးဝင်လာခဲ့ရင် သူတို့က အရင်ဆုံးတိုက်ပါတယ်။ မြန်မြန်တိုက်ပါတယ်။ ဒါကြောင့် ထိခိုက်ရှနာဖြစ်တိုင်း အလွယ်တကူ ပိုးမဝင်တာပေါ့။ ဒါပေမယ့် ခုခံအားက ခဏပဲ ခံတဲ့အတွက် သူတို့က ဒီပိုးကို မှတ်မထားလိုက်နိုင် ပါဘူး။ ဒီခုခံအားစနစ်မှာ ပါဝင်တဲ့ တိုက်ခိုက်ရေး ပစ္စည်းတွေကတော့

  • အရေပြားနဲ့ အချွဲလွှာ (ပြင်ပကနေ ပိုးတွေကို ကာကွယ်ပေးပါတယ်။)
  • သွေးဖြူဥဆဲလ်
  • သွေးနဲ့ ကိုယ်တွင်းအရည်မှာပါတဲ့ ခုခံအား ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

အရေပြားနဲ့ အချွဲလွှာ

အရေပြားနဲ့ အချွဲလွှာက ပြင်ပက ရောဂါပိုးတွေ ကိုယ်ထဲဝင်မလာအောင် အရင်ဆုံးကာကွယ်ပေးတဲ့ ခံတပ်ပါ။ ဒါ့ပြင် အသက်ရှူလမ်းကြောင်းမှာရှိတဲ့ မျက်စိနဲ့ မမြင်ရတဲ့ အမွှေးတွေ၊အချွဲလွှာတွေ၊ အူလမ်းကြောင်းမှာရှိတဲ့  အချွဲလွှာ၊ အကျိုးပြုဘက်တီးရီးယားတွေ၊ အစာချေ အက်စစ်တွေကလည်း ပထမဆုံး ခံတပ်အဖြစ် ကာကွယ်ပေးပါတယ်။

သွေးဖြူဥဆဲလ်

ဒီခံတပ်ကို ကျော်ဖြတ်ပြီး ဝင်လာရင် အထဲမှာ သွေးဖြူဥဆဲလ်တွေက အသင့်စောင့်နေပါတယ်။ သူတို့မှာ ရှိတဲ့ အင်ဇိုင်းတွေ၊ ပိုးသေစေတဲ့ အဆိပ်တွေကို ထုတ်ပြီး တိုက်ခိုက်ပါတယ်။

သွေးနဲ့ ကိုယ်တွင်းအရည်မှာပါတဲ့ ခုခံအား ပစ္စည်း

သူတို့ကို ကူပြီးတိုက်ပေးတာက သွေးနဲ့ ကိုယ်တွင်းအရည်မှာပါတဲ့ အင်ဇိုင်းတွေ၊ ပရိုတိန်းတွေပါပဲ။ ဒါ့ပြင် natural killer cellလို့ ခေါ်တဲ့ ဆဲလ်တစ်မျိုးကလည်း ပိုးဝင်ထားတဲ့ ဆဲလ်တွေကို လိုက်ရှာပြီး အဆိပ်အတောက်တွေနဲ့ နှိမ်နင်းပစ်ပါတယ်။

Adaptive immune response

ခုနက innate immune responseက ၄ရက်ကနေ ၇ရက်အတွင်း ရောဂါပိုးကို မသုတ်သင်နိုင်တဲ့အခါ မှတ်ဉာဏ်နဲ့ တုံ့ပြန်မယ့် တိကျတဲ့ ခုခံအားစနစ် ဝင်လာပါပြီ။ ဒီခုခံအားစနစ်က နောက်မှ ဝင်လာပေမယ့် ရောဂါပိုးကို တိတိကျကျလိုက်ရှာပြီး တိုက်ထုတ်နိုင်ပါတယ်။ ဒီထဲမှာ ထပ်ကောင်းတဲ့အချက်က ရောဂါပိုးကို မှတ်ထားတဲ့အတွက် နောက်တစ်ခါဝင်လာရင် တန်းပြီး တိုက်ထုတ်နိုင်ပါတယ်။  Adaptive immune responseမှာ ပါတာတွေကတော့ သွေးဖြူဥဆဲလ် ၂မျိုးပါ။ T lymphocytes နဲ့B lymphocytes လို့ ခေါ်ပါတယ်။

T lymphocytes

T lymphocytesတွေက ကိုယ့်ဆဲလ်လား  ရောဂါပိုးလားဆိုတာကို တိတိကျကျခွဲခြားနိုင်ပြီး တိုက်ထုတ်နိုင်တာပါပဲ။ ဒါ့ပြင် ရောဂါပိုးကိုလည်း မှတ်ထားပါသေးတယ်။

B lymphocytes

B lymphocytesရဲ့ အလုပ်က သွေးထဲမှာ ရောဂါပိုးနဲ့ လိုက်ဖက်တဲ့ ပဋိဇီဝပစ္စည်း (antibodies)ကို ထုတ်ပေးတာပဲ ဖြစ်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း

ခုခံအား အကြောင်းပြောရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းကို ချန်ထားလို့ မရပါဘူး။ ခန္ဓာကိုယ်မှာ သဘာဝအတိုင်း ဆဲလ်တွေအလုပ်လုပ်ရာကနေ ဓာတ်တိုးပစ္စည်း (free radicals) တွေ ထွက်သလို ပတ်ဝန်းကျင် ညစ်ညမ်းတာ၊ ဆေးလိပ်သောက်တာ၊ နေရောင်ခံတာတွေကြောင့်လည်း ထွက်တတ်ပါတယ်။ ဒီပစ္စည်းတွေက ဆဲလ်တွေ၊ အင်ဇိုင်းတွေ၊ DNAတွေကို ပျက်စီးစေပါတယ်။ ဒီထဲမှာ ခုခံအား ဆဲလ်တွေ၊ အင်ဇိုင်းတွေ ပါသွားခဲ့ရင် ကိုယ်ခံအားစနစ်ကို ထိခိုက်လာမှာပါ။ ဒါကြောင့်  ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကလည်း ရောဂါပိုးကို ကာကွယ်ဖို့ အရေးကြီးပါတယ်။

ခုခံအား တက်အောင် ဘာလုပ်ကြမလဲ။

ခုခံအားစနစ်ကို သိပြီးပြီဆိုတော့ ခု ခုခံအားတက်အောင် ဘာလုပ်နိုင်မလဲဆိုတာ ဆက်ကြည့်ရအောင်။ ခုခံအားတက်အောင် လုပ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတာ သိပြီးသားပါ။ ခုလို အိမ်တွင်းအောင်းနေတဲ့ ကာလမှာတော့ ကိုယ်ခံအား တက်အောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းက အာဟာရပြည့်အောင် စားတာပါပဲ။ ဘာတွေကို ဘယ်လိုရွေးချယ်စားမလဲဆိုတာ ဆက်ကြည့်ရအောင်။

ကိုယ်ခံအား မြှင့်တင်ပေးမယ့် အာဟာရများ

  • အသားဓာတ်

အသားဓာတ်က အနာကျက်စေဖို့နဲ့ ပြန်ပြီးနာလန်ထဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် အသားဓာတ်ပါဝင်မှုများတဲ့ အနီရောင် အသား၊ အဖြူရောင်အသား၊ ပင်လယ်စာ၊ ပဲအမျိုးမျိုးကို စားပေးရပါမယ်။

  • ဗီတာမင် အေ

ဗီတာမင်အေက အရေပြား၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊ အသက်ရှူလမ်းကြောင်းမှာ ရှိတဲ့ ခုခံအားကို တက်စေတာကြောင့် အပြင်က ရောဂါပိုးတွေ အလွယ်တကူ ဝင်မလာအောင် တားပြီးသားဖြစ်သွားပါတယ်။ ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ကန်စွန်းဥ၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ဗီတာမင်အေ ဖြည့်စွက်ထားတဲ့ အာဟာရမှုန့်တွေ၊ cerealတွေပဲ ဖြစ်ပါတယ်။

  • ဗီတာမင် စီ

ဗီတာမင်စီက ပဋိဇီဝပစ္စည်းတွေကို ထွက်စေတာကြောင့် ရောဂါဝင်လာတာနဲ့ တိုက်ဖို့ အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်ထားပြီးသား ဖြစ်တာပေါ့။ ဒါ့ပြင် နာမည်ကြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ဖြစ်ပါသေးတယ်။ ရနိုင်တဲ့ အစားအစာတွေကတော့ လိမ္မော်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီးနဲ့ ဗီတာမင်စီ ထည့်သွင်းထားတဲ့ အစားအစာ (ဥပမာ cereal)တွေကနေ ရနိုင်ပါတယ်။

  • ဗီတာမင်အီး

ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ ဗီတာမင်အီးဟာ ခုခံအားဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးနိုင်ပါတယ်။ ခုခံအားဆဲလ်တွေ ကောင်းနေမှ ရောဂါကို  တိုက်ထုတ်နိုင်မှာပါ။ ဗီတာမင်အီးကို နေကြာဆီ၊ ဗာဒံစေ့၊ မြေပဲထောပတ်တွေကနေ ရနိုင်ပါတယ်။

  • ဇင့်ဓာတ်

ဇင့်က ခုခံအားစနစ် ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့နဲ့ အနာကျက်မြန်စေဖို့ ကူညီပေးပါတယ်။ ဇင့်ဓာတ်ကို အသား၊ ပင်လယ်စာ၊ ပဲတွေ၊ အစေ့အဆန်တွေကနေ ရနိုင်ပါတယ်။

တခြားလိုအပ်တဲ့ အာဟာရတွေကတော့

ဗီတာမင် B6၊ B12၊ အဖောလိတ်၊ ဆီလီနီယမ်နဲ့ သံဓာတ်တို့ပဲ ဖြစ်ပါတယ်။ သူတို့တွေက ခုခံအားကို ထက်စေနိုင်တဲ့ အာဟာရတွေပါပဲ။

အစားအစာ တစ်မျိုးထဲကနေ ပြီးပြည့်စုံတဲ့ အာဟာရကို မရနိုင်ပါဘူး။ မျှတစုံလင်အောင် စားပေးရမှာပါ။ ကျန်းမာရေး အခြေအနေကြောင့်ဖြစ်ဖြစ်၊ အသက်ကြီးလို့ဖြစ်ဖြစ် စားဖို့ အခက်အခဲ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြည့်စွက် အာဟာရတွေစားတာ၊ အားဆေးတွေ သောက်တာမျိုး လုပ်လို့ရပါတယ်။

ကိုယ်ခံအားတက်စေဖို့ အာဟာရပြည့်အောင် စားတာအပြင် အိပ်ရေးဝဝအိပ်တာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ ဆေးလိပ်ရှောင်တာ၊ လူထူတဲ့ နေရာမသွားတာ၊ မကြာခဏ လက်ဆေးတာတွေနဲ့လည်း ရောဂါပိုးကို ကာကွယ်နိုင်ပါတယ်။