လူနေမှုအဆင့်အတန်းနှင့် ကျန်းမာရေးစံနှုန်းများ မြင့်မားလာခြင်းကြောင့် အသက် ၈၀ ၊ ၉၀ အရွယ်ထိ နေထိုင်လာနိုင်ကြခြင်း ဖြစ်ပါသည်။ သို့သော် သက်ကြီးရွယ်အိုများအနေနှင့် အိမ်တွင်းအိမ်ပြင် ကြုံလာနိုင်သော မတော်တဆမှုများကိုလည်း သတိပြုသင့်ပါသည်။

အသက်ကြီးလာတာနဲ့အမျှ မတော်တဆဖြစ်နိုင်မှု မြင့်တက်လာပါသည်။ အမြင်အာရုံချို့တဲ့လာခြင်း၊ အရေပြားလျော့ရဲလာခြင်း၊ ကြွက်သားဆုံးရှုံးမှုနှင့် အရိုးအားနည်းလာမှုများက သက်ကြီးရွယ်အိုများရဲ့ ခွန်အား၊ လှုပ်ရှားသွားလာနိုင်မှုနှင့် ကျန်းမာရေးသုခခံစားနိုင်ခြင်း တို့အပေါ် များစွာအကျိုးသက်ရောက်မှုများ ရှိနိုင်ပါသည်။ ဇီဝကမ္မဆိုင်ရာကန့်သတ်ချက်များက လူတစ်ဦးချင်းစီအတွက် ထိခိုက်မှုများ ဖြစ်စေနိုင်ပါသည်။ ဒါကြောင့် မိမိတို့တတ်နိုင်သမျှ ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပါသည်။ ဖြစ်လာနိုင်သော အန္တရာယ်များအပြင် ရှေးဦးသူနာပြု ဗဟုသုတများကိုပါ သိထားခြင်းဖြင့် သက်ကြီးရွယ်အိုများ၏ အသက်များကို ကယ်တင်နိုင်ပါသည်။

 ၁။ ရှေးဦးသူနာပြု ကိရိယာဘူးထားပေးခြင်း

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများ၏ တင်ပြချက်အရ အသက် (၆၅) အထက်ရှိလူကြီး ၂၅% ခန့်သည် အများအားဖြင့် ဦးခေါင်းဒဏ်ရာရခြင်း၊ တင်ပါးဆုံရိုးကျိူးခြင်း၊ ထိုးပေါက်ဒဏ်ရာများရှိခြင်း စသည့် မတော်တဆမှု ပြဿနာများ အများဆုံး ဖြစ်ပွားလေ့ရှိသည်။ ထို့ကြောင့် ဖြစ်လျှင်ဖြစ်ခြင်း အရေးပေါ်အကူအညီပေးရန် ရှေးဦးသူနာပြု ကိရိယာဘူးများ လိုအပ်ပါသည်။ ရှေးဦးသူနာပြု ကိရိယာဘူး များသည် မတော်တဆမှုများ ဖြစ်ပွားပါက များစွာအထောက်အကူပြုနိုင်ပါသည်။ မမျှော်လင့်သော မတော်တဆမှုများတွင် ချော်လဲခြင်း၊ ခြစ်မိရှမိခြင်း၊ အပူလောင်ခြင်း နှင့် အဆိပ်သင့်ခြင်း တို့ပါဝင်ပါသည်။

၂။ ချော်လဲခြင်း

များသောအားဖြင့် ချော်လဲခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းများမှာ အမြင်အာရုံချို့တဲ့ခြင်း၊ ကောင်းစွာမလှုပ်ရှားနိုင်ခြင်း၊ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးများကြောင့် မူးဝေခြင်း နှင့် ဟန်ချက်မညီခြင်း တို့ဖြစ်ပါသည်။ ထိုသို့ဖြစ်လျှင် ဆေးကုသမှု ချက်ချင်းခံယူခြင်း၊ သွေးထွက်မှုကို ထိန်းချုပ်ခြင်း နှင့် လှုပ်ရှား ကိုင်တွယ်မှုများကို ဂရုတစိုက် ပြုလုပ်ဖို့ အကြံပြုတိုက်တွန်းပါသည်။ လက်ချောင်း၊ ခြေချောင်းများ သွေးကြောပိတ်မပိတ် စစ်ဆေးပြီး လိုအပ်ပါက ဆေးကုသမှုရယူရန်မှာလည်း အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါသည်။ လူနာကိုမရွှေ့ရန်နှင့် အရိုးများကို ပြန်လည်ဆွဲဆန့်ခြင်းများ မလုပ်မိရန်လည်း သတိပြုရပါမည်။ စကားပြောပေးခြင်းကလည်း ၎င်းတို့ကို စိတ်တည်ငြိမ်စေရန် ကူညီပေးပါသည်။

၃။ မီးအပူလောင်ခြင်း

သက်ကြီးရွယ်အိုများကို စောင့်ရှောက်သူများသည် မီးအပူလောင်ခြင်းကို ဖြစ်စေနိုင်သည့် အခြေအနေများကို ကြိုတင်ခန့်မှန်းထားရမည်။ မီးအပူလောင်ခြင်းကို ဖြစ်စေသည့် အရာများတွင် အများအားဖြင့် ရေပူဖြင့် ရေချိုးခြင်း၊ ပူလောင်နေသော အစားအစာများကို စားခြင်း၊ မီးဖိုဖွင့်ထားခြင်း၊ အပူပေးစက်ဖွင့်ခြင်းနှင့် နေလောင်ခြင်း တို့ပါဝင်ပါသည်။ သက်ကြီးစောင့် ရှောက်သူများသည် အပူလောင်ခြင်းမဖြစ်ရန် ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်ထားရန်လိုအပ်သည်။ အသေးစားမီးအပူလောင်ခြင်းများအတွက် မီးလောင်ဒဏ်ရာကို သန့်ရှင်းသက်သာစေရန် ပိုးသတ်ဆေးတစ်ခုခု သုတ်ပေးရမည်။ မီးအပူလောင်ဒဏ်ရာအကြီးများဖြစ်သည့်အခါ အရေးပေါ်ကုသမှုခံယူခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

၄။ အဆိပ်သင့်ခြင်း

စိတ်ဖောက်ပြန်ခြင်းနှင့် သတိမေ့လျော့ခြင်းတို့ကြောင့် သက်ကြီးရွယ်အိုများသည် မတော်တဆမှားယွင်း သောဆေးဝါများကိုသောက်သုံးမိတတ်ကြသည်။ အယ်လ်ဇိုင်းမားရောဂါရှိသော သက်ကြီးရွယ်အို များသည် သောက်သုံးရန်မသင့်သည့် အရည်များကိုပင်သောက်သုံးမိတတ်ကြသည်။ ထို့ကြောင့် အန္တရာယ်ရှိသော ဆေးဝါးများနှင့်ဓာတုပစ္စည်းများကို လက်လှမ်းမမှီသောနေရာတွင်ထားခြင်း (သို့မဟုတ်) သော့ခတ်ထားခြင်းသည် ကြိုတင်ကာကွယ်ခြင်းအတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ သက်ကြီးရွယ်အို တစ်ဦးဦး စားသုံးရန်မသင့်သည့် အရည်များသောက်သုံးမိသည့်အခါ ဆေးကုသမှု ချက်ချင်း ခံယူပြီး သောက်သုံးမိသည့် အညွှန်းကို သိရှိနိုင်ရန် ဆေးပုလင်းကို သိမ်းထားသင့်သည်။ ညွှန်ကြားချက်မရှိဘဲ အန်ခိုင်းခြင်းများမပြုလုပ်ရပါ။

၅။ ဒဏ်ရာများ

ဒဏ်ရာများရသည့်အခါ အခြားကူးစက်မှုများမဖြစ်စေရန် ဒဏ်ရာ၏ အဓိကနေရာကို ရေ၊ ဆပ်ပြာများဖြင့် သန့်ရှင်းရေးလုပ်ရန်အရေးကြီးသည်။ ဒုတိယအနေနှင့် ဒဏ်ရာကို ခြောက်အောင်လုပ်ပြီး ပိုးသတ်ဆေးတစ်မျိုးမျိုးကို လိမ်းပေးရမည်။ ဒဏ်ရာနာကျဉ်လာပြီး ပိုမိုဆိုးရွားလာပါက ဆေးကုသမှု ခံယူသင့်ပါသည်။